Saturday, June 23, 2018

"ဝိဘက်ကြမ္မာမလွတ်သာတည့်"

"ဝိဘက်ကြမ္မာမလွတ်သာတည့်"
=====================

အဟောင်းတွေကို တတ်နိုင်သမျှပြန်မပြောချင်
ပေမဲ့  အကောင့်ထဲမှာ ငြင်းခုန်နေကြတာတွေ့
တော့လည်းပြောချင်တာလေးတွေရှိလာတယ်။

တချို့က ၈၈ အရေးအခင်းမှာ တပ်မတော်က
အာဏာမသိမ်းဘဲဒီအတိုင်းပစ်ထားလိုက်ရင်
ပြီးတာပဲလို့ဆိုတယ်။

၁၉၈၈ အရေးအခင်းကာလမှာ တပ်မတော်က
အာဏာသိမ်းတာကို ပြည်သူအများစုထောက်
ခံပါတယ်။ တိုင်းပြည်တစ်ခုလုံး ဝရုန်းသုန်းကား
ဖြစ်ပြီး မင်းမဲ့တိုင်းပြည်လိုအခြေအနေမျိုးဖြစ်နေ
တာကိုမှ  အာဏာ  မသိမ်းဘဲ  ဖြစ်ချင်သလိုဖြစ်
ကြကွာဆိုတဲ့စိတ်နဲ့  ထိုင်ကြည့်နေရင်  တာဝန်
မကျေတဲ့တပ်မတော်ဖြစ်သွားမှာပေါ့။

တပ်မတော်ကနာမည်ပျက်သွားတာက ၁၉၉၀
ရွေးကောက်ပွဲမှာအာဏာမလွှဲခဲ့တာကြောင့်ပါ။
ဒီနေရာမှာလည်း   NLD က ဦးကြည်မောင်တို့
လိုလူတွေက နုရင်ဘတ် စစ်ခုံရုံးတွေဘာတွေ
ထုတ်ဖော်ပြောဆိုလာလို့တပ်ကအာဏာမပေး
တာဆိုပြီးပြောလာတာတွေရှိတယ်။

မှတ်မိသလောက်ပြောရရင်အဲဒီတုန်းကသိပ်ပြီး
ကလေးဆန်သလိုပဲ။ ဦးကြည်မောင်က အဲဒီလို
ပြောပြီး ဦးခင်ညွန့်ကလည်း "ဦးကြည်မောင်တို့
လောက်တော့ ခင်ညွန့်လည်း တိုင်းပြည်ချစ်ပါ
တယ်" တို့ဘာတို့ပြောတာကြားဖူးလိုက်တယ်။
ဦးကြည်မောင်က "ကျွန်တော်တို့မှာ ဘာမှအငြိုး
အာဃာတမရှိပါဘူး။ သို့သော်ပြည်သူကတောင်း
ဆိုလာရင်တော့ ..... ဥပမာ ခင်ညွန့်လိုလူမျိုးဆို
ရင်တော့ မပြောတတ်ဘူးပေါ့ဗျာ" အဲဒီလိုထင်ပါ
ရဲ့ ပြောခဲ့ဖူးတာရှိတယ်။

ဦးကြည်မောင်က မပြောသင့်သလို ဦးခင်ညွန့်
လည်း အဲဒီအချိန်ကတုံ့ပြန်မှုက ကလေးဆန်
သလိုဖြစ်သွားတယ်။

တကယ်တော့ ဗိုလ်မှူးကြီးကြည်မောင်ခေါ် ဦး
ကြည်မောင်ဟာ အင်းစိန်တိုက်ပွဲကာလအတွင်း
က သမိုင်းလမ်းဆုံကနေ ခဝဲခြံအင်းစိန်ဘက်က
KNDO တွေကို ၃ လက်မစိန်ပြောင်းနဲ့ ထိုင်ပစ်
ခဲ့တဲ့တပ်ဖွဲ့မှာ ဗိုလ်မှူးအဖြစ်နဲ့ တိုက်ပွဲဝင်ခဲ့သူ
တစ်ဦးပါ။

ဦးကြည်မောင် တိုင်းပြည်အတွက် တိုက်ပွဲဝင်
နေတဲ့ ၁၉၄၉ ခုနှစ်မှာ  ၁၉၃၉ ခုနှစ်ဖွား ဦးခင်
ညွန့်ဟာ ၁၀ နှစ်သားသာရှိပါသေးတယ်။ ထား
ပါတော့။ ဆိုလိုတာ သူ့ခေတ်နဲ့သူ တိုင်းပြည်အ
တွက် လုပ်ခဲ့ကြတဲ့စစ်သားတွေပါပဲ။

ကျွန်တော့်သဘောကတော့ ဒီမိုတွေပြောသ
လို အားလုံးသဘောမတူသလို တပ်ဘက်က
ပြောတာလည်း အကုန်လက်မခံနိုင်ပါဘူး။

၁၉၉၀  ရွေးကောက်ပွဲမှာ  အထက်ကပြောသ
လို ဦးကြည်မောင်စကားပြောမဆင်ခြင်လို့တပ်
မတော်က အာဏာမလွှဲပေးတာပဲထားလိုက်ပါ
ဦး။ ဒီလောက်အထိ အကြာကြီးအာဏာသိမ်း
ထားစရာမလိုပါဘူး။

တပ်ဘက်ကတချို့က အနာဂတ်မှာ တိုင်းရင်း
သားသူပုန်တွေ   အင်အားကြီးထွားလာမှာကို
ကြိုတင်တွက်ဆပြီး တပ်မတော်ဘက်က ကြို
တင်ပြင်ဆင်တဲ့အနေနဲ့ တပ်အင်အားတွေ ချဲ့
ထွင်တယ်။ ခေတ်မီတပ်မတော်ဖြစ်လာအောင်
လက်နက်ခဲယမ်းတွေ   တပ်ဆင်တယ်ပေါ့ဗျာ။
ထားလိုက်ဦး။ အတိုင်းအတာတစ်ခုအထိလက်
ခံပါတယ်။

သို့သော် ဒါလည်းပဲအာဏာသိမ်းထားတဲ့အချိန်
ဟာ ရှည်ကြာလွန်းတယ်။

ဆိုလိုတာ တကယ်စိတ်ကောင်းစေတနာနဲ့ အ
မြော်အမြင်ရှိရင် ၁၀ နှစ်အတွင်း လွှဲပေးလို့ရပါ
တယ်။ Constitution မဆွဲရသေးလို့၊ ညီလာ
ခံခေါ်နေတာပဲတို့တော့   လာမပြောပါနဲ့။ အဲဒီ
ညီလာခံဟာဘယ်လိုညီလာခံလဲဆိုတာအများ
သိပြီးသားဖြစ်ပါတယ်။

အဲဒီလို ညီလာခံတွေလုပ်နေဆဲထင်တယ် တပ်
က ဝန်ထမ်းတွေသဘောထားကိုလွတ်လွတ်လပ်
လပ်ဖြေနိုင်တယ်လို့ပြောပြီး မေးခွန်းတွေမေးခဲ့ပါ
တယ်။ အဲဒီမေးခွန်းတွေကို ပြန်ဖြေတဲ့နေရာမှာ
တပ်ဘက်က မကြိုက်တဲ့အဖြေမျိုးဖြေတဲ့ဝန်ထမ်း
တွေကို အလုပ်ဖြုတ်ပစ်တယ်။ အတော့်ကို မိုက်
ရိုင်း အောက်တန်းကျတဲ့အလုပ်ဖြစ်တယ်။ ထား
တော့။

တကယ်လို့ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၉ ခုနှစ် အ
ထိ ဆယ်နှစ်ကာလ  အတွင်းမှာအကြောင်း အ
မျိုးမျိုးကြောင့် မလွှဲနိုင်ဘူးဆိုရင်တောင် ၁၉၉၀
ပြည့်နှစ်ကနေ ၂၀၀၀ ပြည့်နှစ် ဆယ်နှစ်ပြည့်တဲ့
ကာလတစ်ခုမှာ လွှဲပေးလို့ရပါတယ်။

ကြိုတင်ပြီး စီမံချက်ဆွဲထားဖို့တော့လိုတာပေါ့။
ဆယ်နှစ်အတွင်းလွှဲမယ်ဆိုရင် တပ်အတွက်လို
အပ်တာတွေလည်း ဆယ်နှစ်အတွင်း ပြင်ဆင်
ထားပေါ့။

ကျွန်တော်ပြောသလိုပါပဲ။ တပ်မတော်အင်အား
ကောင်းလာအောင်တည်ဆောက်တာလည်းပါပါ
တယ်။ မပါဘူး မပြောဘူး။ သို့သော် အဲဒီလိုတပ်
ကိုတည်ဆောက်ရင်း  အာဏာ လက်ထဲမှာကြာ
ရှည်ကိုင်လာတဲ့အခါ  နိုင်ငံရေး သဘာဝအရကို
က နဂိုကမရှိခဲ့ရင်တောင် အလိုလို  အာဏာရှင်
စိတ်ဝင်သွားပါတယ်။ နဂိုက  အကြံရှိပြီးသားဆို
ရင်တော့ ဆိုဖွယ်ရာမရှိပြီပေါ့။

ညောင်နှစ်ပင် ညီလာခံကို   ပုတ်သင်ညိုတွေနဲ့
ချည်းပဲ ညီလာခံမလုပ်ဘဲ တကယ့်စိတ်ကောင်း
စေတနာကောင်းနဲ့ လုပ်ခဲ့ရင်   ဒီ့ထက်ပိုပြီးစော
စောပြတ်နိုင်ပါတယ်။

နောက်တစ်ခုက  အဲဒီအချိန်မှာ  တပ်မတော်က
နိုင်ငံရေးသမားတွေကိုထားတဲ့တရားဝင်သဘော
ထားကိုက ရန်သူလို ဆက်ဆံနေတာ ဖြစ်တယ်။
ညစ်ပတ်တယ်၊ ယုတ်မာတယ်၊   ဖမ်းစရာမရှိတဲ့
သူ (ဆရာဝန်တစ်ဦး) ကို အိမ်ဦးခန်း ဘုရားခန်း
ထဲက ပါကေးကို ကျွန်းသားနဲ့ ခင်းထားလို့ဆိုပြီး
ဖမ်းတယ်။ စဉ်းစားကြည့်ဗျာ။  ဘယ်သူကလေး
စားမလဲ။ လူလေးစားခံချင်ရင် လေးစားခံရတဲ့အ
လုပ်ကိုလုပ်မှ လေးစားမှာပေါ့။

နိုင်ငံရေး အထူးသဖြင့် NLD ပါတီဝင်တွေဆိုရင်
အပြစ်မရှိ အပြစ်ရှာဖမ်းတာ။ NLD ပါတီဝင်တစ်
ဦး ဆီစက်/ ဆန်စက်ရှိသလား၊ လည်လို့မရဘူး။
လည်ချင်ရင် ပါတီကထွက်။ မော်တော်ရှိသလား
ထွက်လို့မရဘူး၊ မော်တော်ထွက်ချင်ရင် ပါတီက
ထွက်။ နောက်ဆုံး ကော့သောင်းမှာ NLD ပါတီ
ဒုဥက္ကဌကိုထောက်လှမ်းရေးကဘာပြောသလဲ
ဆိုတော့ "ခင်ဗျားတို့ အစိုးရကိုပုန်ကန်နေတာပဲ
မဟုတ်လား၊ ဒီတော့ ခင်ဗျားတို့သားသမီးတွေ
လည်း ဒီအစိုးရဖွင့်ထားတဲ့ကျောင်းတွေမှာမနေ
ခိုင်းနဲ့၊  မထားနဲ့လေဗျာ" တဲ့။   အစွမ်းကုန်ယုတ်
မာတယ်၊ မိုက်ရိုင်းတယ်၊ အောက်တန်းကျတယ်။

လကရ (၂) ကထွက်တဲ့ဆရာကြီးသားသမီးနှစ်
ယောက်ကို လူမှားပြီးဖမ်းတယ်။ ဟိုက ဘာနိုင်ငံ
ရေးမှစိတ်မဝင်စားဘူး။ ထောက်လှမ်းရေးတချို့
ကလည်း မှားပြီးဖမ်းထားပြီးရင် သူမှားပါတယ်
လို့ ဝန်ခံချင်စိတ်ရှိဟန်မတူဘူး။ ဒီတော့ထောင်
ချပစ်လိုက်တယ်။ စစ်သားသားသမီးကောင်လေး
ညီအစ်ကိုနှစ်ယောက် ထောင်ကထွက်လာတော့
NLD ထဲ ဝင်ပစ်လိုက်ကြတယ်။

ထောက်လှမ်းရေးခေတ်မှာ  ထောက်လှမ်းရေး
က ထင်တိုင်းကျဲတယ်။ ထောက်လှမ်းရေးဖြုတ်
လိုက်တဲ့ခေတ်မှာ စစ်တိုင်းမှူးတွေထင်တိုင်းကျဲ
ကြတယ်။

တကယ်တော့  တပ်မတော် ပြန်လည်ဖွဲ့စည်းဖို့
အားယူဖို့ဆိုတာ အခုလောက် ၂၂ နှစ်အထိကို
ကြာစရာမလိုဘူး။ ကျွန်တော်ပြောသလိုပဲ လူ
သားစားလိုက်ရတဲ့ကျားလို အရသာသိသွားကြ
တာ။ အာဏာကို ယစ်မူးသွားတာ။ ပိုက်ဆံလည်း
ရ၊ လူတွေကလည်းကြောက် (တကယ်ကရွံနေ
တာ၊ ရွံကြောက်ကြီး၊ လေးစားကြောက်ရွံတာမ
ဟုတ်ဘူး။) ဆိုတော့ တော်တန်ရုံမဆင်းချင်ဘူး
ဖြစ်သွားတာ။

ဒဲ့ပြောမယ်။ ဦးသန်းရွှေလက်ထက်မှာ ဖြုတ်ပစ်
ခဲ့တဲ့ စစ်တိုင်းမှူး ၄ ယောက်မှတ်မိမယ်ထင်ပါ
တယ်။ ဘယ်လောက် ချမ်းသာတယ်ထင်နေသ
လဲ။ ကြောက်ခမန်းလိလိ ချမ်းသာတယ်။ ပြော
ချင်တာ အာဏာယစ်မူးသွားတဲ့အတွက် အာဏာ
ဆုပ်ကိုင်ထားတဲ့အချိန် ပိုပြီးကြာသွားတယ်။

တိုင်းပြည်အတွက်မလုပ်ဘူးမပြောဘူးနော်။ စိတ်
ထဲမှာရှိသလို နိုင်သလောက်လုပ်ချင်လုပ်ပါလိမ့်
မယ်။ ဒါ သက်သက်ညှာညှာဝေဖန်တာ။

တချို့ဝါဒဖြန့်သလို  လမ်းတွေဖောက်၊ တံတား
တွေဆောက်၊ တက္ကသိုလ်ကြီးတွေ ဆောက်ခဲ့
တာတွေ အများကြီးဆိုတာ မှန်ပါတယ်။ တစ်ခု
ဆောက်ရင် ဘယ်လောက်ကျန်သလဲဆိုတာကို
ရောထည့်တွက်ဖူးသလား။ အဲဒီကာလက အင်
ဂျင်နီယာတစ်ယောက်ကန်ထရိုက်ဆောက်တာ
ကျောက်စရစ်ကျင်းတစ်ခုတည်းကနေ ကုဋေချီ
ပြီးရသွားတာကို အင်ဂျင်နီယာတစ်ယောက်က
ပဲ ကျွန်တော့်ကိုတွက်ပြဖူးတယ်။ ခင်ဗျားတို့အ
ဘတွေဆို ဘယ်လောက်ရမလဲတွက်ကြည့်ပေါ့
ဗျာတဲ့။ စစ်အစိုးရလက်ထက်မှာ estimate တင်
ကတည်းကိုက ၂၀% နဲ့ ၃၀% ကြားပိုတင်ခိုင်း
ထားကြတာတဲ့။ သိန်းပေါင်းတစ်သိန်းကုန်ကျ
မယ့်စီမံချက်ကြီးတစ်ခုဆိုရင် ကိုယ့်အတွက်က
၂၀%   တွက်ထားရင်တောင်မှ သိန်းပေါင်း ၂
သောင်းကျန်မယ်ပေါ့ဗျာ။ ထားလိုက်ဦး။

အစိုးရကိုသာ မပုန်ကန်နဲ့ အထက်တန်းရော
တက္ကသိုလ်တွေပါ အကုန်အအောင်ပေးလိုက်။
အကျများရင် ထုချေလွှာတောင်းတယ်။ မြန်မာ
ပြည်မှာ micro ဆိုတဲ့စာရွက်သေးသေးလေး
တွေ စာမေးပွဲပြီးတိုင်း ပလူပျံနေတာ စစ်အစိုး
ရလက်ထက်မှာပါ။ ပညာရေးအပါအဝင် ဝန်
ထမ်း (ဌာနဆိုင်ရာ) အားလုံးကို ဖျက်ဆီးပစ်
တယ်။ အသွင်ပြောင်းလာတဲ့သူတွေထဲကနေ
ယုတ်မာတဲ့ဘောင်းဘီချွတ်တွေဟာ ဝန်ထမ်း
တွေကို ကောင်းကောင်းပညာပေးတယ်။ သွား
လေရာ မယားငယ်ခေါ်သွားတဲ့ အရပ်ဘက်
ပြောင်းစစ်ဗိုလ်လူထွက်တွေတောင်ရှိတယ်။

အင်္ဂလိပ်လက်ထက်ကတည်းကရှိခဲ့တဲ့ဥပဒေ
တွေကို လက်တစ်လုံးခြား လုပ်ပြီး  ထွေအုပ်နဲ့
မြေစာရင်းကိုမဟုတ်တမ်းတရားလုပ်ခိုင်းတယ်။
ဟိုက မရဘူးလို့ပြောရင် ရေဘူးပေါက်တာမလို
ချင်ဘူးရအောင်လုပ်ဆိုပြီး ခိုင်းတယ်။ စစ်တပ်
က အမဲသားကျွေးပြီးမွေးခဲ့တဲ့ ထွေအုပ်နဲ့မြေ
စာရင်းဆိုတာ အခုအချိန်မှာ အစွယ်တစ်တောင်
လောက်ထွက်ပြီး တစ်ကိုယ်လုံးအမွှေးဖုံးနေတဲ့
သရဲသဘက်စစ်စစ်ဖြစ်သွားပြီ။ ဆရာမနိုင်နှစ်
ဆောင်ပြိုင်ဖြစ်သွားပြီ။ မဆလ ခေတ်ကအစိုး
ရဌာနတွေ အဲဒီလိုမပျက်စီးသေးဘူး။ လုပ်လည်း
မလုပ်ရဲဘူးလို့ဆိုတယ်။

တိုင်းပြည်တစ်ပြည်လုံး စစ်ဖေဖေနဲ့ စစ်မေမေ
က အမွေပေးခဲ့သလို ထင်တိုင်းကျဲတော့တာပဲ။
ဘယ်လိုလုပ်ချစ်မလဲ။

ဒါကို ၈၈ အရေးအခင်းမှာအာဏာမသိမ်းပဲပစ်
ထားလိုက်လို့ အငေါ်တူးလို့မရဘူး။ ပစ်ထားရင်
တာဝန်မကျေတဲ့စစ်တပ်၊ ကျက်သရေမရှိတဲ့စစ်
တပ်ဖြစ်သွားမှာပေါ့။ သိမ်းတာကသိမ်းရမယ့်အ
ချိန်ဆိုသိမ်းရမှာပဲ။ ဒါပေမဲ့ အာဏာအကြာကြီး
ဆုပ်ကိုင်ထားဖို့မလိုဘူး။ ဆုပ်ကိုင်ထားခွင့်လည်း
မရှိဘူး။

ဒီကနေ့ စစ်တပ်မှစစ်တပ်ဖြစ်နေတဲ့ မျိုးဆက်သစ်
စစ်ဗိုလ်တွေကိုတော့ ကျွန်တော့်အနေနဲ့ပြောစရာ
စကားမရှိသလောက်ပဲ။

ရုရှားကိုအားကျရင် ရုရှားဘယ်ကလာသလဲဆို
တာ အရင်ကြည့်ဖို့လိုတယ်။ ရုရှားဆိုတာ အရင်
ဆိုဗီယက်ပြည်ထောင်စုဟောင်းက ခေါင်းကိုင်
ဖခင်နေတဲ့နိုင်ငံ။ မြန်မာပြည်လိုပြောရရင် ဗမာ
အများစုနေတဲ့နိုင်ငံလို ရုရှားလူမျိုးအများစုနေတဲ့
နိုင်ငံ။

ရုရှားအခုလို တိုးတက်လာအောင်မရုန်းခင်မှာ
ဆိုဗီယက်ပြည်ထောင်စုဟောင်းက အရင် ၁၅
နိုင်ငံကိုခွဲထွက်ခွင့်ပေးလိုက်တယ်။ ရုရှားအများ
စုရှိတဲ့ ရုရှားတစ်မျိုးတည်းလို့ဆိုရမယ့်နိုင်ငံကို
ပြန်ပြီး ထူထောင်တယ်။ မြန်မာနိုင်ငံမှာ အဲဒီလို
အခြေအနေရှိသလား။

ဗမာမဟုတ်တဲ့တိုင်းရင်းသားအားလုံးကို ရုရှား
ကခွဲထွက်ခွင့်ပေးလိုက်သလို ခွဲထွက်ခွင့်ပေးနိုင်
သလား။ ပေးနိုင်ရင်တော့ တစ်မျိုးစဉ်းစားလို့ရ
တယ်။ မပေးနိုင်ဘဲနဲ့ ရုရှားလို နာမည်ခံဒီမိုက
ရေစီလုပ်လို့ ဘယ်လိုမှမအောင်မြင်နိုင်ဘူး။

အခုစစ်တပ်ဟာ အရင်စစ်တပ်မဟုတ်ဘူးဆို
တာ လူတွေကြည့်ပြောရင်တော့ ဟုတ်တယ်။
ဒါပေမဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အာဏာအလွဲသုံး
စားလုပ်တာတို့ လာဘ်စားတာတို့ပြောရင်လက်
ရှိတပ်မတော်က အရာရှိငယ်တချို့က အဲဒါအ
ရင်လူတွေလို့ မကြာခဏပြောလေ့ရှိတယ်။

ကိုင်း ... အခု သိန်းကိုသောင်းနဲ့ချီတဲ့ ဖားကန့်
ကိစ္စပေါ်လာတော့ ဘာပြောမလဲ။ ဒါတောင်ဒီ
ကိစ္စဟာ မရှုနိုင်မကယ်နိုင်ဖြစ်လို့ ပေါ်လာတဲ့
ကိစ္စဖြစ်တယ်။ ပေါ်မလာဘဲ ရေထဲမှာမြုပ်နေ
တဲ့ရေခဲတုံးကြီးက ဘယ်လောက်  အတိုင်းအ
တာ ပမာဏရှိမလဲ မပြောနိုင်ဘူး။

မကြာသေးခင်က လူငယ်တစ်ယောက်  တင်
ထားတာတွေ့လိုက်ရတယ်။ လက်ရှိတပ်ထဲက
တချို့ဟာ လက်ရှိတပ်ချုပ်ကိုဝေဖန်နေပြီး ဒီ
တပ်ချုပ်ဆင်းသွားတာနဲ့ စစ်အာဏာပဲပြန်သိမ်း
ရမလိုလိုဘာလိုလို အတိတ်စိမ်းပေးနေတာမျိုး
တွေ့ရတယ်လို့ဆိုတယ်။

ခပ်ရိုင်းရိုင်းပြောမယ် သေနတ်ရှိရင် အာဏာ
သိမ်းလို့ရတာပေါ့။ သိမ်းလေ။ သိမ်းရင် ဘာ
ဖြစ်သွားမလဲသိချင်လား။

လက်ရှိကိုယ့်နိုင်ငံအခြေအနေရော  သိလား။
အပေါစားဖာတန်းက အပေါစားဖာသည်မအိမ်
မှာ အိမ်ဖော်လုပ်နေရတဲ့အဆင့်ပဲရှိတယ်။ ဖာ
မဟုတ်ဘူးနော်။ ဖာရဲ့ ခိုင်းဖတ်အဆင့်ပဲရှိတယ်။
အထက်တန်းစားဖာရဲ့ ခိုင်းဖတ်မဟုတ်ဘူး။

နောက်ထပ်တစ်ခေါက်စစ်အာဏာသိမ်းပြီး အဲ
ဒီလိုပဲ အာဏာယစ်မူးနေလို့ကတော့ အဲဒီလိုအ
ပေါစားဖာအိမ်က ခိုင်းဖတ်ဘဝထက်ဆိုးတဲ့လမ်း
ဘေးအဆင့်ကိုရောက်သွားမယ်။ လောလော
ဆယ် ဖောက်သည်လာရင် ရေသန့်ဘူးသွားချ
ပေးလို့ ဘောက်ဆူးလေးဘာလေး  ရနိုင်သေး
တဲ့အဆင့်။

ကိုယ့်ကိုယ်ကိုယ် သိပ်မာန်တက်မနေနဲ့။ ကိုယ့်
တိုင်းပြည်အဆင့်သိချင်ရင် တိုင်းပြည်ရဲ့အပြင်
ကိုထွက်ကြည့်။

စစ်သားဆိုတာ ပြည်သူကျွေးတဲ့ထမင်းကိုစား
နေရတာ။ ဒါကိုမှလက်မခံနိုင်ဘဲ တစ်ထီးတစ်
နန်းလုပ်ချင်လာပြီဆိုရင် အဲဒီတိုင်းပြည်ကြမ္မာ
ဆိုးဝင်တာပဲ။

စစ်ဗိုလ်ချုပ်တွေ အဟောင်းရော အသစ်တွေ
ပါ အကုန်လို ဗိုလ်ချုပ်အောင်ဆန်းလိုလူတွေ
ဟိုချီမင်းလိုလူတွေချည်းဖြစ်နေရင် ဘယ်ပြည်
သူက မုန်းတီးမှာလဲ။ သိပ်မြင့်လွန်းနေရင်ထပ်
လျှော့လိုက်ဦးမယ်။   တရုတ်စစ်တပ်လောက်
သာ  အရှက်တရားနဲ့  စည်းကမ်းရှိရင် မြန်မာ့
တပ်မတော်ကို ဘယ်သူမှ မမုန်းဘူး။

လောကကြီးမှာ   ချစ်တာပဲဖြစ်ဖြစ် မုန်းတာပဲ
ဖြစ်ဖြစ် အကြောင်းမရှိဘဲအကျိုးဖြစ်မလာဘူး
ဆိုတာကိုတော့ သတိချပ်ဖို့လိုပါတယ်။

ပြောတာတို့ ကြွေးကြော်တာတို့ကတော့ တ
ကယ့်ရွှေနိုင်ငံ၊ အာဇာနည်ဗုဒ္ဓဘာသာအမျိုး
သားတိုင်းပြည်ပဲ တစ်ပြားမှမလျှော့ဘူး။ လူ
မျိုးစိတ်ဓာတ်ကိုသိချင်ရင်တော့ ရုံးကန္နားတစ်
ခေါက်လောက်သွားကြည့်။ သိလိမ့်မယ်။

ခေတ်အဆက်ဆက်ကဖျက်ဆီးခဲ့တဲ့ အဲဒီဝန်
ထမ်းတွေကို NLD အစိုးရလည်း မနိုင်ဘူး။
ဖြုတ်ပစ်လို့ပြောရင် တစ်တိုင်းပြည်လုံးနီးပါး
ဖြုတ်ပစ်မှသာရမယ်။

အတော် အကုသိုလ်များတဲ့ တိုင်းပြည်။

ရဲကျော်သူရ

No comments:

Post a Comment

ဝိသုဒ္ဓိ ၇-ပါး

🙏🌷🙏🌷 ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။  (၁)#သီလဝိသုဒ္ဓိ ဖြင့် သီလကို စင်ကြယ်စေရ၏။ (၂)#စိတ္တဝိသုဒ္ဓိ ဖြင့်...