Thursday, December 24, 2009
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ မိတ်ဆက်
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ် ဒေသနာတော်တို့အား အကျဉ်းရုံးလိုက်ပါက “သီလ, သမာဓိ, ပညာ” ဟူသော ကျင့်စဉ်သုံးပါး ရသည်။ ထိုဒေသနာတော်တို့၏ ရည်ရွယ်ချက်သည်ကား နိဗ္ဗာန်ဖြစ်သည်။ ဝိသုဒ္ဓိမဂ် ခေါ် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် နိကာယ်ငါးရပ်နှင့် အဖွင့် အဋ္ဌကထာကျမ်းများ၏ အနှစ်သာရကို စနစ်တကျ အကျဉ်းခြုံးကာ ထေရဝါဒနည်းအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုပြထားသည့် စင်ကြယ်ခြင်းတည်းဟူသော နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ကျမ်း (ဝိသုဒ္ဓိ - စင်ကြယ်ခြင်း + မဂ္ဂ = လမ်း) ဖြစ်၏။ ကျမ်းပြုသူမှာ နိကာယ်ငါးရပ်၏ အဖွင့်အဋ္ဌကထာ ကျမ်းပေါင်းများစွာကို ပြုစုခဲ့၍ ဗုဒ္ဓမတညု (မြတ်စွာဘုရား၏ အလိုတော်ကို သိသူ) ဟု တင်စား ခေါ်ဆိုခံရသူ အရှင်မဟာဗုဒ္ဓဃောသမထေရ် ဖြစ်သည်။ သီဟိုဠ်နိုင်ငံ အနုရာဓပူရမြို့ မဟာဝိဟာရ ကျောင်းတိုက်မှ သံဃပါလမထေရ်၏ တိုက်တွန်း ပန်ကြားချက်အရ သာသနာက္ကရာဇ် ၉၇၀ ခုနှစ်ဝန်းကျင်တွင် ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။
ကျမ်းပြုစုပုံ
သီလေ ပတိဋ္ဌာယ နရော သပညော, စိတ္တံ ပညဉ္စ ဘာဝယံ။
အာတာပီ နိပကော ဘိက္ခု, သော ဣမံ ဝိဇဋယေ ဇဋန္တိ။
(သံ-၁-၂၃၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဒေဝတာသံယုတ်၊ သတ္တိဝဂ်၊ ဇဋာသုတ်)
“ပညာရှိသည် သီလကို တည်၍ ပူပန်စေမှု(လုံ့လ)ရှိလျှက် ရင့်ကျက်သည် (ဆင်ခြင်ဉာဏ်ရှိသည်) ဖြစ်၍ စိတ်ကိုလည်းကောင်း၊ ပညာကိုလည်းကောင်း ပွားစေသော် ထိုရဟန်းသည် ဤအရှုပ်အထွေးကို ရှင်းနိုင်ပေ၏။”
ဝိသုဒ္ဓိမဂ်အဋ္ဌကထာသည် သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်လာ အထက်ပါ ဂါထာအားမူတည်၍ သီလ, သမာဓိ, ပညာဟူသော သိက္ခာသုံးရပ်ကို အကျယ်တဝင့် ဖွင့်ဆိုထားသည့် “အဋ္ဌကထာ” ဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် ရှိနေသော နိကာယ်ငါးရပ်၏ ရှေးအဋ္ဌကထာဟောင်းများကို ကိုးကား အနှစ်ထုတ်ကာ ဖွင့်ဆိုထားခြင်း ဖြစ်၍ နောင်တွင် နိကာယ်တစ်ခုစီ၏ အဋ္ဌကထာကျမ်းများ ပြုစုသောအခါ အကျယ်ကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာတွင် ကြည့်ရန် ပြန်လည် ရည်ညွှန်းလေ့ရှိသည်။
သီလ, ဓုတင်, အလုံးစုံသော ကမ္မဋ္ဌာန်း၊ စရိုက်အစီအရင်နှင့် တကွသော ဈာန် သမာပတ်အကျယ်ကို လည်းကောင်း၊ အလုံးစုံသော အဘိညာဉ်, ပညာကို ပေါင်း၍ ဆုံးဖြတ်ချက်၊ ခန္ဓာ, ဓာတ်, အာယတန, ဣန္ဒြေ, အရိယသစ္စာ လေးပါးတို့ကို လည်းကောင်း၊ ကောင်းစွာ စင်ကြယ်၍ နက်နဲသိမ်မွေ့သော ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ပါဠိတော်အစဉ်လာကို မလွတ်သော ဝိပဿနာဘာဝနာပွားများနည်းတို့အား ဝိသုဒ္ဓိမဂ်ကျမ်းတွင် ပြည့်စုံ စင်ကြယ်စွာ ဆိုအပ်ခဲ့ပြီ။ ထို့ကြောင့် ဤအဋ္ဌကထာတွင် အပိုထပ်မံ၍ စိစစ်ခြင်း မပြုတော့။ (သုတ္တန္တ နိကာယ် လေးရပ် အဋ္ဌကထာများ၏ ကျမ်းဦးအဖွင့်အမှာစာများ)
ထို့အပြင် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ရှင်မဟာကဿပစသော မထေရ်ကြီးများ၏ အစဉ်အဆက် မဟာဝိဟာရ ကျောင်းတိုက်တွင် သီတင်းသုံးကြသော မထေရ်ကြီးများ၏ ဒေသနာနည်းကိုမှီကာ အခြားသော ဂိုဏ်းများ၏ အယူဝါဒနှင့် မရောထွေးစေပဲ စင်ကြယ်စွာ ဖွင့်ဆိုထားပါသည်ဟု ကျမ်းပြုဆရာက မိန့်ဆိုခဲ့သည်။ ထိုခေတ်က သီဟိုဠ်နိုင်ငံတွင် အဘယဂီရိကျောင်း, ဇေတဝန်ကျောင်းတိုက်တို့တွင် ထေရဝါဒကျမ်းစာများအပြင် အခြားသော ဝေတုလ္လဂိုဏ်း, ဓမ္မရုစိဂိုဏ်းတို့မှ ကျမ်းစာများနှင့် မဟာယာနကျမ်းစာများကိုပါ ရောနှော သင်ကြား ပို့ချလျှက်ရှိကြ၏။ ဝိသုဒ္ဓိမဂ်ကျမ်းတွင် မဟာဝိဟာရဝါသီ မထေရ်တို့၏ အယူနှင့် ဆန့်ကျင်သော အယူဝါဒကွဲများအားလည်း အလျဉ်းသင့်သလို ဖော်ထုတ်ကာ အကျိုးအကြောင်းနှင့်တကွ ချေဖျက်ထားသည်။ ထို့ကြောင့် နိကာယ်ငါးရပ် အနှစ်သာရအား ထုတ်နှုတ်၍ ထေရဝါဒနည်းအရ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း ဖြစ်သဖြင့် ထေရဝါဒဗုဒ္ဓဘာသာ လက်စွဲကျမ်းတစ်ဆူဟု ခေါ်ဆိုနိုင်သည်။
ကျမ်းဖွဲ့စည်းပုံ
ဝိသုဒ္ဓိမဂ်ကျမ်းသည် အရွယ်ပမာဏအားဖြင့် ၅၈ ဘာဏဝါရရှိ၍ အခန်းပေါင်း ၂၃-ခန်း ပါဝင်သည်။ (မရပ်နားပဲ တကြိမ်တည်းရွတ်ဆိုနိုင်သော ပမာဏအား တစ်ဘာဏဝါရဟုခေါ်၍ အက္ခရာအလုံးရေ ရှစ်ထောင်ရှိသည်။) မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၊ သြပမ္မဝဂ်၊ရထဝိနီတသုတ် (မ-၁-၂၅၂) တွင်လာသော ဝိသုဒ္ဓိ (စင်ကြယ်ခြင်း) ၇-ပါး အစီအစဉ်ဖြင့် ကျမ်းကိုရေးသားပြုစုထား၍ ဝိသုဒ္ဓိမဂ္ဂဟု ခေါ်ခြင်းလည်း ဖြစ်သည်။
အခန်း ၁ နှင့် ၂ တွင် သီလအမျိုးမျိုးတို့နှင့်တကွ ဓုတင် ၁၃-ပါးအား အကျယ်ဖွင့်ဆိုထား၏။ သီလဝိသုဒ္ဓိ (အကျင့်စင်ကြယ်ခြင်း) အပိုင်းဖြစ်သည်။
အခန်း ၃ မှ ၁၁ အထိ အခန်းများမှာ ကမ္မဋ္ဌာန်း ၄၀ အား အကျယ်ပြဆိုထားသည့် စိတ္တဝိသုဒ္ဓိ (စိတ်စင်ကြယ်ခြင်း) အပိုင်းဖြစ်သည်။ ရှေးဦးစွာ ကြိုတင်ဖယ်ရှားထားရမည့် ပလိဗောဓ ခေါ် သမာဓိဘာဝနာ၏ အနှောက်အယှက်၁၀-ပါး, ကမ္မဋ္ဌာနာစရိယဆရာ, စရိုက်အလိုက် ကမ္မဋ္ဌာန်းပေးခြင်း, ဈာန်သမာပတ်များရသည့်တိုင် သမာဓိဘာဝနာ ပွားများ အားထုတ်နည်းအမျိုးမျိုးတို့ကို ဖွင့်ဆိုထားသည်။
အခန်း ၁၂ နှင့် ၁၃ တွင် သမာဓိဘာဝနာကို ပေါက်မြောက်အောင် ပွားများပါက ရရှိလာနိုင်မည့် ဣဒ္ဓိဝိဓ (တန်ခိုးဖန်ဆင်းမှုအမျိုးမျိုး) နှင့် အဘိညာဉ် (ထူးသောအသိဉာဏ်) အကြောင်းတို့အား ဖွင့်ဆိုထားသည်။
အခန်း ၁၄ မှ ၁၇ အထိတွင် ပညာ၏ အခြေခံဖြစ်သော ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ, သစ္စာ, ပဋိစ္စသမုပ္ပါဒ်တို့၏ သဘောတရားကို ရှင်းလင်းထားသည်။ ရှေ့အခန်းများတွင် ဖော်ပြခဲ့သော သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိနှစ်ပါးသည် သစ်ပင်၏ အမြစ် (မူလ) နှင့်တူ၏။ ပညာ၏ အခြေခံမြေလွှာ (ပညာဘူမိ) နှင့်တူသော ခန္ဓာ, အာယတန စသည်တို့အား နားလည်သဘောပေါက်အောင် မေးမြန်းသင်ယူလေ့ကျက်ပါက ထိုမြေလွှာပေါ်တွင် အပင်၏ ကိုယ်ထည် (သရီသ) နှင့်တူသည့် ဒိဋ္ဌိဝိသုဒ္ဓိစသော ကျန်အဆင့်မြင့် ဝိသုဒ္ဓိတရားများ ဖြစ်ပေါ်လာနိုင်ပေမည်။ စာသိ, သဘောတရားသိအားဖြင့် သိအပ်သည်တို့ကို ပိုင်းခြားသိခြင်း (ဉာတပရိညာ) အပိုင်းဟုလည်း ခေါ်နိုင်သည်။
နောက်အခန်းများတွင် စာသိ, သဘောတရားသိမှသည် ကိုယ်တိုင် ရှုမှတ်ပွားများဆင်ခြင်၍ သိသော အသိသို့ ကူးပြောင်းရန် နည်းနိဿယများကို ဖော်ပြထားသည်။ အခန်း ၁၈တွင် နာမ်ရုပ်တရားတို့ကို ပိုင်းခြားသိမြင်သော ဒိဋ္ဌိဝိသုဒ္ဓိ (အမြင်စင်ကြယ်ခြင်း)၊ အခန်း ၁၉ တွင် နာမ်ရုပ်တရားတို့၏ အကြောင်းတရားကို သိမြင်သော ကင်္ခါဝိတရဏ ဝိသုဒ္ဓိ (ယုံမှားခြင်းလွန်မြောက်၍ စင်ကြယ်ခြင်း)၊ အခန်း ၂၀ တွင် ရုပ်နာမ်တရားတို့အား အနိစ္စ, ဒုက္ခ, အနတ္တဟု လက္ခဏာရေးသုံးပါးတင်၍ ရှုမှတ်သော သမ္မာသနဉာဏ်, မဂ်တုစသော ဝိပဿနာညစ်ညူးကြောင်းတရား, မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ (လမ်းမှန်လမ်းမှားသိမြင်၍ စင်ကြယ်ခြင်း)၊ အခန်း ၂၁ တွင် ဖြစ်ပျက်မြင်သည့် ဥဒယဗ္ဗယဉာဏ်မှသည် မဂ်တရားနှင့်လျော်သော အနုလောမဉာဏ်, ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ (အကျင့်လမ်းမှန်ကို သိမြင်စင်ကြယ်ခြင်း) တို့ကို ဖွင့်ပြထားသည်။
အခန်း ၂၂ ဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသတွင် သောတာပတ္တိမဂ်, သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်ဟူသော မဂ်လေးပါး, ဗောဓိပက္ခာယတရား ၃၇-ပါး, မဂ်ဉာဏ်တို့က အသီးသီးပယ်သတ်သော ကိလေသာ, သံယောဇဉ်စသော တရားများအား ဖွင့်ပြသည်။
အခန်း ၂၃ ပညာဘာဝနာ အာနိသံသနိဒ္ဒေသအခန်းတွင် ပညာဘဝနာ၏ အကျိုးရလဒ်ဖြစ်သော ဖလသမာပတ်, နိရောဓသမာပတ်နှင့် နိဗ္ဗာန်တရားတို့ကို ရှင်းလင်းဖော်ပြထားသည်။
ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ
ဝိသုဒ္ဓိမဂ်အဋ္ဌကထာကျမ်း၏ ခက်ခဲသောအနက်များကို အဖွင့်ဆိုသည့် ပရမတ္ထမဉ္ဇူသာ (ဝိသုဒ္ဓိမဂ်မဟာဋီကာ) ကျမ်းကို ဒုတိယအဋ္ဌကထာဆရာဟု တင်စားခံရသည့် အရှင်ဓမ္မပါလမထေရ် ရေးသားပြုစုခဲ့သည်။ ဝိသုဒ္ဓိမဂ်၌ ပယ်ထားသော အချက်အလက်တို့၏ ကျမ်းစာ, ကျမ်းပြုပုဂ္ဂိုလ်၏ အမည်, ဂိုဏ်းစသည်တို့ကို မဟာဋီကာကျမ်းက အတိကျ ဖော်ထုတ်ပြထားသည်။ အရှင်မဟာနာမထေရ် ရေးသားပြုစုသော သဒ္ဓမ္မပကာသနီ (ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၏ အဖွင့် အဋ္ဌကထာ) ကျမ်းတွင် ဝိသုဒ္ဓိမဂ်အဆိုအချို့အား ဝေဖန်ထားသည်များရှိရာ၊ အရှင်ဓမ္မပါလက မဟာဋီကာတွင် ပြန်လည် ချေပရေးသားထားသည်။ အရှင်ဓမ္မပါလသည် မဟာဋီကာတွင် နေရာအတော်များများ၌ ယုတ္တိဗေဒနည်းများသုံး၍ ဝေဖန်တတ်သည်။ ထိုခေတ်က အိန္ဒိယနိုင်ငံတွင် ထင်ရှားခဲ့သည့် နျာယ, ဝိသေသိက, သင်္ချ, ယောဂ, မီမံသ, ဝေဒန္တစသော ဒဿနဂိုဏ်း ၆-ဂိုဏ်းတို့၏ အယူဝါဒများနှင့်လည်း စိတ်ဝင်စားဖွယ် နှိုင်းယှဉ်ဆွေးနွေးထားသည်။ သို့သော် ဝိသုဒ္ဓိမဂ်ကျမ်းတွင်ကဲ့သို့ ပုံဝတ္ထုများဖြင့် တန်ဆာဆင်၍ ရေးသားခြင်းမပြုခဲ့ပေ။
ဘာသာပြန်ကျမ်းများ
ဝိသုဒ္ဓိမဂ်အဋ္ဌကထာအား ပြည်ဆရာတော် အရှင်မေဓာလင်္ကကာရက “ပါဠိတစ်ချက်-မြန်မာတစ်ချက်” တွဲ၍ နိဿယဘာသာပြန်ခဲ့သည်။ ကျိုက်ထိုမြို့ ဘုရားသုံးဆူဆရာတော် အရှင်နန္ဒမာလာသည် “ဝိသုဒ္ဓိမဂ်အဋ္ဌကထာ မြန်မာပြန်ကျမ်း” ဟူသောအမည်ဖြင့် မြန်မာဘာသာ သက်သက်ဖြင့် ရေးသားခဲ့ဖူးသည်။ မဟာစည်ဆရာတော်ဘုရား ရေးသားပြုစုခဲ့သော “ဝိသုဒ္ဓိမဂ်မြန်မာပြန်” ကျမ်းမှာ ထင်ရှား အသုံးများသည်။ ညောင်လေးပင်တောရဆရာတော် ရှင်အရိယ၏ “ဝိသုဒ္ဓိမဂ်အရသာ”, ဆရာဦးသော်ဇင်၏ “ဝိသုဒ္ဓိမဂ်” တို့သည် ဝိသုဒ္ဓိမဂ်အဋ္ဌကထာအား အကျဉ်းခြုံး ဘာသာပြန်ထားသော ကျမ်းများဖြစ်သည်။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာအား ဆရာဦးဖေမောင်တင်က “The Path of Purity” ဟူသောအမည်ဖြင့် အင်္ဂလိပ်ဘာသာပြန် ဆိုကာ အင်္ဂလန်နိုင်ငံ ပါဠိကျမ်းစာအသင်း (PTS) က ၁၉၂၂-ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ နောင်တွင် ထပ်မံပုံနှိပ်ခြင်းမပြုတော့၍ အင်္ဂလိပ်လူမျိုး ရဟန်းတော် ဘိက္ခုဉာဏမောဠိက မိမိကိုယ်တိုင် အသုံးပြုရန် မှတ်စုသဘောအဖြစ် ဘာသာပြန်ခဲ့သည်။ ထို့နောက် ပြန်လည် တည်းဖြတ်ကာ “The Path of Purification” ဟူသောအမည်ဖြင့် သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာပုံနှိပ်ထုတ်ဝေရေးအသင်း (BPS) က ၁၉၅၆-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။
The Path of Purification, Translated from the Pali by Bhikkhu Nanamoli - pdf
ဦးသော်ဇင် - ဝိသုဒ္ဓိမဂ် (အကျဉ်းချုပ်ဘာသာပြန်) - pdf
မဟာစည်ဆရာတော် - ဝိသုဒ္ဓိမဂ် မြန်မာပြန် ပဌမတွဲ - pdf
မဟာစည်ဆရာတော် - ဝိသုဒ္ဓိမဂ် မြန်မာပြန် ဒုတိယတွဲ - pdf
မဟာစည်ဆရာတော် - ဝိသုဒ္ဓိမဂ် မြန်မာပြန် တတိယတွဲ - pdf
မဟာစည်ဆရာတော် - ဝိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထတွဲ - pdf
ဝိမုတ္တိမဂ္ဂအဋ္ဌကထာ
ဝိသုဒ္ဓိမဂ်အဋ္ဌကထာကဲ့သို့ပင် သီလ, သမာဓိ, ပညာကို အကျယ်ဖွင့်သည့် ကျမ်းတစ်စောင် ဝိသုဒ္ဓိမဂ်ထက် စော၍ ပေါ်ထွန်းခဲ့ဖူးသည်။ အရှင်ဥပတိဿမထေရ် ပြုစုသော “ဝိမုတ္တိမဂ်အဋ္ဌကထာ” ကျမ်းဖြစ်သည်။ ဝိမုတ္တိမဂ်ကျမ်းမှ အချက်အချို့အား ဝိသုဒ္ဓိမဂ်တွင် ရှင်ဗုဒ္ဓဃောသက ဧကစ္စေဝါဒ (အချို့၏ အယူအဆ) ဟူ၍ ပယ်ဖျက်ခဲ့၍ မဟာဋီကာ ဆရာက ထိုအချက်တို့သည် အရှင်ဥပတိဿပြုစုသော ဝိမုတ္တိမဂ်ကျမ်းမှ ဖြစ်သည်ဟု ဖော်ထုတ်ပြသည်။ ဝိမုတ္တိမဂ်အဋ္ဌကထာ လာအယူအဆအချို့သည် အဘယဂီရိဝါသီတို့၏ အယူများဖြစ်သည်ဟု မဟာဋီကာဆရာက ဖော်ပြခဲ့သည်။ ဝိမုတ္တိမဂ်အဋ္ဌကထာကျမ်းသည် ပျောက်ကွယ်လုနီးပါး တိမ်မြုတ်နေ၍ ခရစ်သက္ကရာဇ် ၅၀၅-ခုနှစ်တွင် သံဃပါလမည်သော ရဟန်းတော်က တရုတ်ဘာသာ ပြန်ဆိုထားသည့်မူကို ပြန်လည်တွေ့ရှိရသည်။ ၁၉၆၁-ခုနှစ်တွင် အရှင်သောမထေရ်နှင့် အရှင်ခေမိန္ဒတို့က “Path of Freedom” ဟူသော အမည်ဖြင့် ဘာသာပြန်ကာ သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့တွင် ထုတ်ဝေခဲ့သည်။
ဝိသုဒ္ဓိမဂ်နှင့် ဝိမုတ္တိမဂ်ကျမ်းနှစ်စောင်၏ နှိုင်းယှဉ်သုံးသပ်ချက်များအား P.V. Bapat ရေးသားသည့် Vimutti Magga and Visuddhi Magga – A Comparative Study နှင့် မဟာစည်ဆရာတော်, အနီးစခန်းဆရာတော်, တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဦးဝိစိတ္တနှင့် တိပိဋကပါဠိ-မြန်မာအဘိဓာန်ကျမ်းပြု ဆရာတော် ဦးသီလာနန္ဒတို့ စုပေါင်းပြုစုခဲ့ကြသော “ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ” (ဝိသုဒ္ဓိမဂ်မြန်မာပြန်နိဒါန်း) တွင် ဖတ်ရှုနိုင်သည်။
ဧရာ (မန္တလေး)
စာညွှန်း
၁။ မဟာစည်ဆရာတော် - ဝိသုဒ္ဓိမဂ်မြန်မာပြန် နှင့် နိဒါန်း
၂။ Bhikkhu Ñānamoli – The Path of Purification
၃။ U Pe Maung Tin – The Path of Purity
၄။ အရှင်ကေလာသ - ဗုဒ္ဓစာပေ ကျမ်းပြုပုဂ္ဂိုလ်များ
၅။ အရှင်ကေလာသ- ဝိမုတ္တိမဂ္ဂပါဠိမူ
၆။ P.V. Bapat – Vimuttimagga and Visuddhi Magga – A Comparative Study
၇။ Bhikkhu Anālayo – The Treatise on The Path of Liberation and the Visuddhi Magga
Sonata Cantata
3 comments:
ShinlayDecember 24, 2009 at 4:38 PM
Thanks for this post.
Reply
သင်းနွယ်ဇင်December 24, 2009 at 8:25 PM
နားလည်လွယ်အောင်ဝေမျှပေးတဲ့အတွက် ကျေးဇူးအမျာကြီးတင်ပါတယ်။
Reply
UnknownMay 24, 2017 at 2:58 PM
အလွန်တရာ ကောင်းမြတ်လှပါတယ် ခင်ဗျာ
သာဓုသာဓုသာဓုပါ ခင်ဗျာ
Reply
‹
›
Home
View web version
About me
Sonata Cantata
View my complete profile
Powered by Blogger.
No comments:
Post a Comment