ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။
(၁)#သီလဝိသုဒ္ဓိ ဖြင့် သီလကို စင်ကြယ်စေရ၏။
(၂)#စိတ္တဝိသုဒ္ဓိ ဖြင့် သမာဓိရအောင် အားထုတ်ရ၏။
(၃)#ဒိဋ္ဌိဝိသုဒ္ဓိ ဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။
(၄)#ကင်္ခါဝိတရဏဝိသုဒ္ဓိ ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။
ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။
ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်၏။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆို၏။
ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်၏။
ဝိပဿနာဉာဏ် ၁၀-ပါး
၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။
၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။
၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။
၄။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။
၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။
၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။
+++
သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ဝိပဿနုပတ္တိလေသ ၁၀-ပါး ဖြစ်ပေါ်လာတတ်၏။
ဝိပဿနုပတ္တိလေသ ၁၀-ပါး
၁။ သြဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာ စိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။
၂။ ပီတိ = သြဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။
၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။
၄။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ်ဓါတရားလညျး ဖြစ်ပေါ်၏။
၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။
၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။
၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။
၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့သော သတိလည်း ဖြစ်၏။
၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္စျတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။
၁၀။ နိကန္တိ = သြဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။
ထို ဆိုခဲ့ပြီးသော သြဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်၏။
ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား
ဆုံးဖြတ်နိုင်သော သဘောသည်
(၅)#မဂ်ဂါမဂ်ဂဉာဏဒူနဝိသုဒ်ဓိ မည်၏။
+++++
(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
***********************
ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သောကြောင့် ဉာဏဒဿန မည်၏။
ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။
(၇) ဉာဏဒဿနဝိသုဒ္ဓိ
*****************
ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း, သင်္ခါရနိမိတ်မှလည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်၏။
သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသောအခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ ထိုမဂ်ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။
+++++
မဂ္ဂဝီထိ ပုံစံ
ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘဝင်
မဂ္ဂဝီထိကို ဝီထိပိုင်းတွင် လေ့လာခဲ့ပြီး ဖြစ်၏။
မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာ၏။ သင်္ခါရတရားက ထတော့မည့်အချိန်ဖြစ်၍ အားကောင်းလာ၏။ သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ဟု ခေါ်၏။
မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်ဇောတစ်ကြိမ်စီ ဖြစ်၏။
ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်၏။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်၏။
ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။
အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့် ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပေ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြု၏။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြု၏။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိ၏။
အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်၏။
ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်၏။ မဂ်ဉာဏ်ဖြစ်၏။ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်၏။
မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။
ဖိုလ်က မည်သည့်ဝိသုဒ္ဓိထဲမှ မပါ။
မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်၏။ ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်၏။
မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်သင့်သလို ဖြစ်၏။
မဂ်ကိစ္စ ၄-ချက်
မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်၏။
မဂ်ကိစ္စ ၄-ချက်မှာ ဆီမီးနှင့် တူ၏။
ဆီမီးသည် မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊ ဆီခန်းစေမှု ကိစ္စ ၄-ခုကို တပြိုင်တည်း ပြုသကဲ့သို့၊
မဂ်သည် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊ (၂) သမုဒယသစ္စာကို ပယ်ခြင်း၊ (၃) နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊ (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ တပြိုင်နက် ပြီးစေ၏။
မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ် ပြန်မပေါ်အောင် ပယ်၏။
ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကို ပယ်သတ်၏။
ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီးတိုင် ပယ်သတ်လေတော့၏။
(လောကချမ်းသာဆရာတော်- New York)
No comments:
Post a Comment